ရွှေရည်အကြောင်း သိကောင်းစရာ

Published on 22 May, 2025

ရွှေရည်အကြောင်း သိကောင်းစရာ

ရွှေဆိုတာ လှပတဲ့ သဘာဝဒြပ်စင်တစ်မျိုး ဖြစ်ပါတယ်။ လှပတင့်တယ်စွာ ဝတ်ဆင်ဖို့နှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ အကောင်းဆုံး ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ ရွှေရဲ့ ဓာတုဗေဒ သင်္ကေတမှာ ‘Au’ ဖြစ်ပြီး ရွှေရဲ့ အရည်အသွေး ကို မြန်မာမှာ 'ပဲရည်' နိုင်ငံတကာမှာ Karat နဲ့တိုင်းတာပါတယ်။ Karat ဆိုတာကတော့ ရွှေရဲ့သန့်စင်မှု (Purity of Gold)ကို တိုင်းတာတဲ့ စံသတ်မှတ်ချက်ပါ။ ရွှေ၏ သန့်စင်မှုအပေါ် မူတည်ပြီး ရွှေအမျိုးအစား၊‌ ရွှေအရည်အသွေး ကွဲပြားသွားပါတယ်။

(1) 24K (ခေါ်) ၁၆ပဲရည်
ပထမဆုံးအနေနဲ့ 24K gold မှာ ရွှေ 99.9% ပါဝင်ပြီး ၁၆ ပဲရည် မီးလင်း အခေါက်ရွှေ အမျိုးအစားပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဝတ်ဆင်ဖို့ထက် ရွှေစုချင်သူများအတွက်ကတော့ ၁၆ပဲရည်(24K)ဟာ လက်ခပေးပြီး ဝယ်စုထားရင် အရှုံးသက်သာပြီး ရွှေစျေးတက်ရင် အမြတ်ပြန်ရနိုင်ပါတယ်။ ဒါကလည်း ၁၆ပဲရည်ရဲ့ အားသာချက်ဖြစ်ပါတယ်။ အားနည်းချက်ကတော့ ရွှေအသားအရမ်းပျော့တာကြောင့် ၁၆ ပဲရည်ဟာ တခြားသတ္တုတစ်မျိုးမျိုးနှင့်ရောစပ်ထားခြင်းမရှိပဲ ဒီဇိုင်းပုံစံလှလှလေးတွေ ပြုလုပ်ဖို့ အဆင်မပြေပါဘူး။ အရိုးရှင်းဆုံးပုံစံတွေသာ ပြုလုပ်ဝတ်ဆင်လို့ရပါတယ်။ ဒါကြောင့် ၁၆ပဲရည်ဟာ ဝတ်ဆင်ဖို့ထက် စုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ ပိုသင့်တော်တဲ့ ရွှေရည်တစ်မျိုးပဲဖြစ်ပါတယ်။

(2) 23.88K (ခေါ်) ၁၆ပဲရည် 
23.88Kကို တစ်နည်းအားဖြင့် ဟောင်ကောင်ရွှေ ဟုလည်းခေါ်ကြပါတယ်။ ရွှေရည် 99.5% ပါဝင်ပြီး 24Kထက် အနည်းငယ်နိမ့်သော်လည်း တောင့်တင်းမှု၊ မာကျောမှုပိုင်းမှာ 24Kထက် ပိုမိုကောင်းမွန်ပါတယ်။ ဟောင်ကောင်၊တရုတ်၊ထိုင်းတို့မှာ လက်ဝတ်ရတနာအတွက် 23.88K ရွှေကို အသုံးများပါတယ်။ 24K ထက်အနည်းငယ်သာရွှေရည်နိမ့်တာကြောင့် ပြန်ရောင်းရာတွင်လည်း အများကြီးမရှုံးပဲ အလွယ်တကူပြန်ရောင်းလို့ရပါတယ်။သို့သော် 23.88Kရွှေသည်လည်း ရွှေရည်ပါဝင်မှုမြင့်မားနေသေး၍ ဒီဇိုင်းပုံစံလှလှလေးတွေ လုပ်ဖို့ခဲယဥ်းပါတယ်။ မြန်မာနိုင်ငံမှာတော့ 24K, 22K ရွှေများသာ နာမည်ကြီးတာကြောင့် 23.88K ရွှေကိုတော့ လူသိနည်းပါတယ်။

(3) 23K (ခေါ်) ၁၅ပဲရည် 
23K(၁၅ပဲရည်)တွင် ရွှေရည်95.8% ပါဝင်ပါတယ်။ ရွှေကို ဝတ်ဆင်ရတာ ကြိုက်တဲ့သူတွေအတွက်ကတော့ 23K(၁၅ပဲရည်)ရွှေဟာ ပိုသင့်တော်ပါတယ်။ ၁၆ပဲကို ကြေး၁ပဲသား စပ်ထားလို့ ရွှေမာကြောမှုမှာလည်း အသင့်အတင့်ရှိပြီး လက်ဝတ်ရတနာပြုလုပ်ရန်အတွက် သင့်တော်ပါတယ်။ သတ္တုပါဝင်မှုလည်း နည်းတာကြောင့် အချိန်ကြာရင်အရောင်ကျမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။သို့ရာတွင် နေ့စဥ်ဝတ်ဆင်ရန် အတွက်တော့ 22K, 18K တို့ထက်တော့ ခံနိုင်ရည် နည်းပါတယ်။

(4) 22K (ခေါ်) ၁၄ပဲ၂ပြား
22K(၁၄ပဲ ၂ပြား)တွင် ရွှေရည် 91.6% ပါဝင်ပါတယ်။ ရွှေရည်ပါဝင်မှု 24K, 23K  တို့ထက်နည်းတာကြောင့် ပိုမိုတောင့်တင်းပြီး မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ လူကြိုက်များပါတယ်။ ခေတ်ပေါ်ဖန်စီဒီဇိုင်းများ၊ ကျောက်ဒီဇိုင်းလှလှများကို နှစ်သက်ကြတဲ့သူတွေ အတွက်တော့ 22K(၁၄ပဲ၂ပြားရည်)က ပိုမို သင့်တော်ပါတယ်။ကျောက်သား အထည်လေးတွေ ပြုလုပ်ရာတွင် ကျောက်ကိုကုတ်ထားတဲ့ စွန်ကုတ်လေးတွေက 24K,23K ဆိုရင် ရွှေရည်ပျော့တာကြောင့် မခိုင်ပဲ ကျောက်လေးတွေ ပြုတ်ထွက်သွားမှာ စိုးရိမ်ရပါတယ်။ သို့သော်22K (၁၄ပဲ၂ပြားရည်)ကတော့ ပိုမာလို့ စွန်ကုတ်တွေကိုပိုမို ဖိမိစေပြီး ကျောက်တွေ ပြုတ်ထွက်မှာ မစိုးရိမ်ရတော့ပါဘူး။ ဒါကြောင့်မို့လို့ ကျောက်သားထည်လေးတွေ ဝတ်ဆင်ရတာ ကြိုက်တဲ့သူတွေ အတွက်က 22K(၁၄ပဲ၂ပြားရည်)က ပိုမိုသင့်တော်ပါတယ်ရှင်။

(5) 21K (ခေါ်) ၁၄ပဲရည်
21K(၁၄ပဲ) တွင် ရွှေရည်87.5%ပါဝင်ပါတယ်။ 22K ရွှေနှင့် ရွှေရည်သိပ်မကွာတာကြောင့် ခိုင်မာတောင့်တင်းမှု ရှိသဖြင့် လက်ဝတ်ရတနာများနှင့် ကျောက်ထည်များ ပြုလုပ်ရာတွင် သင့်တော်ပါတယ်။ ရွှေကိုဝတ်ဆင်ရတာ ကြိုက်တဲ့သူတွေ အနေဖြင့် 21K(၁၄ပဲရည်) သည်လည်း 22K နည်းတူ သင့်တော်ပါတယ်။

(6) 20K (ခေါ်) ၁၃ပဲ၂ပြား
20K (၁၃ပဲ၂ပြားရည်)တွင် ရွှေရည် 83.3% ပါဝင်ပါတယ်။ ရွှေရည်နှင့် တောင့်တင်းမှု အလယ်အလတ်ရှိတဲ့ ရွှေအမျိုးအစား ဖြစ်ပါတယ်။ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးနှင့် လက်စွပ် ပြုလုပ်ရန် သင့်တော်ပြီး 24K, 23K, 22k, 21Kတို့ထက် ပိုမိုမာကျောပြီး လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်ဖို့အတွက် အကောင်းဆုံးရွှေဖြစ်ပါတယ်။ 20K (၁၃ပဲ၂ပြား)ကိုတော့ မလေးရှားနိုင်ငံတွင် ပိုအသုံးများပြီးတော့ လက်ရှိ ပြည်တွင်းမှာလဲ လူကြိုက်များတဲ့ လက်ဝတ်ရတနာအနေဖြင့် ဝတ်ဆင်လာကြပါတယ်။

(7) 18K (ခေါ်) ၁၂ပဲရည်
18K (၁၂ပဲ)မှာတော့‌ ရွှေရည် 75% ပါဝင်ပါတယ်ရှင့်။ အခုခေတ်မှာ လူကြိုက်များပြီး စျေးကွက်ကို သိသိသာသာထိုးဖောက်လာတာကတော့ 18K(၁၂ပဲ) ဖြစ်ပါတယ်။အခြားသော ရွှေရည်များထက် ရွှေပါဝင်မှုနည်းတာကြောင့် အ‌ရောင်အားဖြင့်တော့ အနည်းငယ်နုပါတယ်။ရွှေပါဝင်မှု နည်းသဖြင့် ပိုမိုမာကျောပြီး ဒီဇိုင်းအဆန်းလေးများ ပြုလုပ်ရန်နှင့် နေ့စဥ်ဝတ်ဆင်ဖို့အတွက် အကြမ်းခံသော ရွှေရည်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော‌ ရွှေရည်များထက် စျေးလည်း ပိုသက်သာသောကြောင့် ယနေ့ခေတ်လူငယ်များအကြားရေပန်းစားလာပါတယ်။ ပြီးတော့ ရောစပ်တဲ့သတ္တုပေါ်မူတည်၍ White Gold, Pink Gold, Yellow Goldဟူ၍ ခေါ်ဆိုကြပါတယ်။ အခြားသော ရွှေရည်များထက် စျေးသက်သာပြီး နေ့စဥ်ဝတ်ဆင်ဖို့ဆို 18K (၁၂ပဲ)ဟာ ရွေးချယ် အသင့်ဆုံးရွှေရည်အမျိုးအစားလေးပဲ ဖြစ်ပါတယ်။

(8) 14K (ခေါ်) ၉ပဲရည်
14K (၉ပဲရည်)တွင် ရွှေရည်58.5% ပါဝင်ပါတယ်။ ရွှေရည်ပါဝင်မှု လျော့နည်းတာကြောင့်ခိုင်ခံ့ပြီး စျေးသက်သာကြောင့် နေ့စဥ်ဝတ်ဆင်ဖို့အတွက် ရွေးချယ်နိုင်ပါတယ်ရှင့်။

(9) 12K (ခေါ်) ၈ပဲရည်
12K (၁၂ပဲရည်)တွင် ရွှေရည် 50%သာ ပါဝင်ပါတယ်။ ၈ပဲရည် အောက်နိမ့်သောရွှေကိုမိုးကြိုး လို့ခေါ် ပြီး ဂဟေဆော်ရာမှာသာ အသုံးပြုပါတယ်။ လက်ဝတ်ရတနာအနေနဲ့ကတော့ ၁၂ပဲရည်အထက် ပြုလုပ်ကြတာများပါတယ်။ ရှေးယခင်က လက်ပတ်နာရီလက်တံများတွင် 12K (၁၂ပဲရည်)ကို အသုံးပြုကြပါတယ်။

(10) 10K (ခေါ်) ၇ပဲရည်
10K (၇ပဲရည်)တွင် ရွှေရည် 41.7% ပါဝင်ပါတယ်။ ခိုင်မာမှုကောင်းမွန်သောကြောင့်ဖက်ရှင် အလှဆင် ပစ္စည်းများ ထုတ်လုပ်ဖို့သင့်တော်သော ရွှေရည် အမျိုးအစားပဲဖြစ်ပါတယ်။

(11) 9K (ခေါ်)  ၆ပဲရည်
9K (၆ပဲရည်)တွင် ရွှေရည် 37.5% ပါဝင်ပါတယ်။ ရွှေရည်ပါဝင်မှု နည်းတာမို့လို့ ခိုင်မာမှုကောင်းမွန်သောကြောင့် ဖက်ရှင်အလှဆင်ပစ္စည်းများ ထုတ်လုပ်ဖို့ သင့်တော်ပါတယ်။

(12) 8K (ခေါ်) ၅ပဲရည်
8K (5ပဲရည်)တွင် ရွှေရည် 33.3% ပါဝင်ပါတယ်။ ရွှေရည်ပါဝင်မှု နည်းတာကြောင့် 14K, 18Kများနှင့် ယှဥ်လျင် အရောင်အနည်းငယ် မဲနိုင်ပါတယ်။ အရောင်တောက်ပမှုကတော့သက်တမ်းသိပ်မခံပါလို့ ဝတ်စားဆင်ယင်မှု နည်းပါးတဲ့ ရွှေရည်အမျိုးအစားပဲဖြစ်ပါတယ်။

ဒါတွေကတော့ရွှေရည်အမျိုးမျိုးအကြောင်းလေးပဲဖြစ်ပါတယ်ရှင့်။

ဒါဆိုရင် ရွှေရည်အမျိုးမျိုး အကြောင်းလေးလည်း သိပြီဆိုတော့ ရွှေစုချင်တဲ့မိတ်ဆွေများအနေဖြင့် ယုံကြည်စိတ်ချစွာနဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင် (𝐇𝐭𝐞𝐭 𝐌𝐲𝐚𝐭 𝐘𝐚𝐝𝐚𝐧𝐚 𝐂𝐨., 𝐋𝐭𝐝) မှာ ၁၆ပဲရည်ပြည့်ရွှေများကို ၁ပဲကစပြီး ဝယ်စုထားလို့ ရပါပြီရှင့်။ ရွှေထည် ပြုလုပ်ချင်တဲ့ Customerများ အနေဖြင့်လည်း အရည်အသွေးပြည့်မှီ စံချိန်မှီတဲ့ ‌ရွှေစင်အကယ်ဒမီကိုရွေးချယ်ဖို့အကြံပြုလိုက်ပါတယ်ရှင့်။

ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင် နှင့်
မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး
(ဆိုင်အမှတ်-၁)
အမှတ် ၈၃၅/၈၃၆, ဦးဝိစာရလမ်း ၃၄ ရပ်ကွက်, မြောက်ဒဂုံမြို့နယ်, ရန်ကုန်
Ph: 09773090104, 095137246, 0931411428
(ပုံမှန် တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

(ဆိုင်အမှတ်-၂)
အမှတ် ၉၄ မြေညီထပ်, ရွှေဘုံသာလမ်း (မဂိုလမ်း) အောက်, ပန်းဘဲတန်းမြို့နယ်, ရန်ကုန်
Ph: 09773090104, 018371548, 09252414243
(ပုံမှန် တနင်္ဂ​နွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

#ထက်မြတ်ရတနာ
#HtetMyatYadana
#ရွှေစင်အကယ်ဒမီ
#မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး